သတင်းထုတ်လွှင့်ချက် - ( EP - 221 )
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။
ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ၂ လကျော်သွားပါပြီ။ မြေပြင်မှာ စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် စခန်းတခုပြီးတစ်ကို စွန့်လွှတ်နေရပါတယ်။
စစ်ဆင်ရေးနှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ ခုနဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းလုံမြို့ ငါးမြို့ကိုသိမ်းပိုက်ထားပြီလို့ တအာင်းတပ် (PSLF/TNLA) က ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်း၊ နယ်မြေစိုးမိုးမှုရရှိပြီးဖြစ်တဲ့ မြို့တွေ၊ ရှေ့တန်းစစ်မြေပြင်က စစ်ဒေသ တွေကို PSLF/ TNLA စစ်ဦးစီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေထဲ အရပ်သားနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ခန်းမတွေအပြင် လမ်းတံတားတွေလည်း ပျက်စီးခဲ့တဲ့အပြင် ကလေး (၂၈) ယောက် သေဆုံးပြီး (၄၇) ယောက် ဒဏ်ရာရခဲ့ကြောင်း၊ အမျိုးသမီး (၃၆) ယောက် သေဆုံးပြီး (၇၇) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အမျိုးသား (၄၅) သေဆုံးပြီး (၇၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ်ပြန်ထားပါတယ်။
TWO ရဲ့ ထုတ်ပြန်ချက်အရ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရခြင်းရဲ့ အကြောင်းရင်းက လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုပြီး ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းတွေ စတာတွေနဲ့ တိုက်ခိုက်မှုတွေ ကြောင့် လို့ဆိုပါတယ်။ မြေပြင်က အခြေအနေနဲ့ပတ်သက်ပြီး TWO က တာဝန်ရှိသူတစ်ယောက်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။