ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဘက်က ခွင့်ပြုချက်ပေးရတာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကစိစစ်ပြီး ပြည်ထောင်စုအစိုးရဘက်က ခွင့်ပြုချက်ပေးတာဖြစ်လို့ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး အင်ဒိုးနီးရှားနိုင်ငံ ခရီးစဉ် သွားရောက်ခွင့်မရတဲ့ကိစ္စကို အတိအကျပြောဖို့ခက်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပြည်ပခရီးစဉ်သွားရောက်ရာမှာ အဆင့်တူသူတွေ ဖိတ်ကြားမှသာ သွားရောက်ဖို့ ညွှန်ကြားထားတာရှိတယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က ပြောပါတယ်။

ဦးစိုင်းရှဲန်တစ်လုံ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။