အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒါဏ်ခံနေရတဲ့ မန်ဝယ် ( လိုင်နောင်းခူ ) ရွာသားတွေကို ဘေးကင်းရာတွေမှာ နေရာချထားပေးနိုင်ပြီဆိုမှသာ မနောကွင်းမှာ စုဝေးနေတဲ့ ကချင်လူငယ်တွေက သူတို့ရဲ့ သပိတ်စခန်းကို ရုပ်သိမ်းမှာလို့ ပြောပါတယ်။ အဲဒီ မန်ဝယ်ဒေသဘက်က ရွာသား အယောက် ၁ ရာကျော်ကို အစိုးရ နဲ့ တပ်မတော်ပူးပေါင်းပြီး သွားရောက် ခေါ်ဆောင်နေပြီဖြစ်ပါတယ်။ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းမှာ စုရုံးပြီး တောင်းဆိုနေကြသူတွေထဲက ကချင်လူငယ် တာဝန်ခံတစ်ဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံ မေးမြန်းထားပါတယ်။