ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာလို့ မနေ့က တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို နေပြည်တော် ရဲတပ်ဖွဲ့အိမ်ယာ လိုင်းခန်းကနေ ဒီနေ့မနက်က ပြောင်းရွှေ့ခိုင်းတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်က ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကိုလည်း အမှတ် ၈ ရဲတပ်ရင်းကနေ မနေ့ညကတည်းက တခြားနေရာကို ပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။