ရိုဟင်ဂျာ မွတ်စလင်တွေကို သူတို့အိမ်တွေကနေ စွန့်ခွာထွက်ပြေးစေဖို့အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲပြောကြားချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။